“တူရကီနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍမှာ ၁၅ နှစ်ကြာတည်ရှိပြီးတဲ့အချိန်မှာတော့ Bank Audi ပိုင် Odeabank ဟာဆိုရင် ဘဏ်လုပ်ငန်းစည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအင်ဂျင်စီ (Banking Regulation & Supervision Agency) ရဲ့ ခွင့်ပြုမိန့်နဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အသစ်ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှာ ရရှိခဲ့ပါတယ်။”
Odeabank အဖြစ် မတ်လ ၁၅ ရက်မှာ တရားဝင် တည်ထောင်နိုင်ခဲ့ပြီး ထိုအချိန်တုန်းက စာရင်းများအရ တူရကီဘဏ်လုပ်ငန်းရဲ့ ၄၉ ခုမြောက်ဘဏ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘဏ်၏ လုပ်ငန်းလည်ပတ်မှုကိုတော့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှာ စတင်နိုင်ခဲ့ပါတယ်။ ဘဏ်၏မူလ အားသာချက်များဖြစ်တဲ့ တူကရီနိုင်ငံနှင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသ (MENA) ကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်မှု၊ ကောင်းမွန်တဲ့ နည်းပညာအခြေခံ အဆောက်အအုံနှင့် အတွေ့အကြုံရင့် လူ့စွမ်းအားအရင်းအမြစ်များ ၏ စုပေါင်းအားဖြင့် Odeabank ဟာဆိုရင် ၀န်ဆောင်မှုပေါင်းစုံပေးနိုင်သည့် ဘဏ်အဖြစ်ပြောင်းလဲဖို့ ရည်မှန်းထား ပြင်ဆင်လျက်ရှိပါသည်။ ထိုပြင်ဆင်မှု အစီအစဉ်မှာတော့ လက်လီဘဏ်လုပ်ငန်း (Retail banking) ကဏ္ဍအတွက် Value –added Franchises (တရားဝင်လုပ်ကိုင်ခွင့်ရထားသော တန်ဖိုးမြင့်ဝန်ဆောင်မှုလုပ်ငန်းများ) တည်ဆောက်မှုနှင့် အလယ်လတ်တန်းစား တူရကီကော်ပိုရေးရှင်း များအတွက် လိုအပ်တဲ့ ငွေရေးကြေးရေး ၀န်ဆောင်မှုမျိုးစုံကို ထောက်ပံ့ပေးမှုတို့ ပါဝင်ပါတယ်။
Odeabank ဟာ ဘဏ်ခွဲများကိုလည်း လျှင်လျှင်မြန်မြန် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအကုန်တွင်တော့ ဘဏ်ခွဲပေါင်း ၃၀ ကျော်နှင့် ၀န်ထမ်းပေါင်း ၁,၀၀၀ ကျော် ခန့်အပ်နိုင်ခဲ့ ပါတယ်။ ရပိုင်ခွင့်များ (Assets) ၏ တန်ဖိုးဟာဆိုရင်လည်း အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံဖိုးအထိ ရှိလာခဲ့ပါတယ်။ ယခုဆိုလျှင် Odeabank ဟာ အပ်ငွေလက်ခံသောဘဏ်များ (deposit banks) အတွင်း ရပိုင်ခွင့်ပမာဏနှင့် တိုင်းတာပါက အဆင့် ၁၄ နေရာသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

Odeabank ရဲ့ အဓိက ရှယ်ယာရှင်ဖြစ်တဲ့ လက်ဘနွန် (Lebanon) အခြေစိုက် Bank Audi ဟာ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ရုံးခွဲတွေတည်ထောင်ထားတဲ့ ဒေသတွင်း အဆင့်ရှိ ဘဏ်တစ်ခုဖြစ်ပါ တယ်။ Bank Audi ဟာ Universa bank အမျိုးအစားဖြစ်ပြီး Corporate banking (စီးပွားရေးလုပ်ငန်း များသို့ ၀န်ဆောင်မှုပေးသည့် ဘဏ်လုပ်ငန်း)၊ ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်း၊ လက်လီဘဏ် လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းနှင့် ပုဂ္ဂလိကဘဏ်လုပ်ငန်း (Private banking – မဟာသူကြွယ်များအတွက် သီးသန့်ဝန်ဆောင်မှုပေးသောဘဏ်လုပ်ငန်း) အစရှိသော ဘဏ်လုပ်ငန်း ၀န်ဆောင်မှုအမျိုးမျိုးကို ပေးအပ်လျက်ရှိပါသည်။ ထိုကဲ့သို့ Bank Audi ရဲ့ နိုင်ငံတကာကို ခြေလှမ်း ဆန့်နိုင်မှုကြောင့် Odeabank အတွက်လည်း အကျိုးအမြတ်အများအပြား ဖြစ်ထွန်းစေပါသည်။ များမ ကြာမီ နှစ်များအတွင်း တူရကီနိုင်ငံရဲ့ ကုန်သွယ်မှုပုံစံဟာ သိသိသာသာပြောင်းလဲလာခဲ့ပြီး MENA ဒေသနှင့် ကုန်သွယ်မှုကတော့ အင်မတန်မှ အရေးပါလာခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ တူရကီ နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုစာရင်းအတွင်း ဥရောပနိုင်ငံများရဲ့ဝေစုဟာ လျော့ကျခဲ့ပါတယ်။ လွန်ခဲ့ သော ၁၀ နှစ်အတွင်း MENA ဒေသနှင့် တူရကီနိုင်ငံတို့ရဲ့ စုစုပေါင်း တင်သွင်းမှုကဏ္ဍဟာ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်ပို့မှုကဏ္ဍကတော့ ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ထို့အပြင် Odeabank ရဲ့ တူရကီနိုင်ငံအတွင်း ဆက်ဆံရေးကောင်းမှုနှင့် လုပ်ငန်းအတွေ့အကြုံတို့ကြောင့် တူရ ကီ စီးပွားရေးကဏ္ဍအတွင်း ၀င်ရောက်လုပ်ကိုင်ချင်ကြတဲ့ MENA ဒေသက ရင်းနှီးမြှုပ်နှံသူများအတွက် လည်း အားထားစရာ ဘဏ်တစ်ခုဖြစ်လာနေပါပြီ။

အဓိက ရှယ်ယာရှင်ဖြစ်တဲ့ Bank Audi ရဲ့ မိမိကိုယ် ကို စိတ်ချယုံကြည်နိုင်မှုနဲ့ အထောက်အပံ့တွေကြောင့်ပဲ Odeabank ဟာ ၂၀၁၇ အရောက်မှာ တူရကီ နိုင်ငံ ဘဏ်လောကရဲ့ “ထိပ်တန်းအဖွဲ့အစည်း” (the giants’ League) အတွင်း ၀င်ရောက်နိုင်ရန် ပစ် မှတ်ထားလျက်ရှိပါသည်။ ထိုခံယူချက်ကြောင့်ပဲ Odeabank ဟာ ဘဏ်လောကအတွင်း သူတစ်ပါးထက် စောလျင်စွာ အကြံညဏ်အသစ်များကို စတင် အကောင်အထည် ဖော်လျက်ရှိပါတယ်။ တူရကီနိုင်ငံမှာ ပထမဦးဆုံး အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှာ Odeabank က ဦးဆောင်ပြီး လက်လီဘဏ်လုပ်ငန်း (Retail Banking- ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းကြီး၏ ဒေသဆိုင်ရာ ဘဏ်ခွဲနှင့် ဆင်တူသည်) ခွဲ အတွက် သီးသန့်ဖန်တီးထားသော ရင်းနှီးမြှုပ်နှံမှု Platform ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ တူရကီ နိုင်ငံမှာတည်ရှိတဲ့ အကျိုးတူရန်ပုံငွေအဖွဲ့ပေါင်း ၄၀၀ ကို မတူညီသော “စံ သတ်မှတ်ချက်” ပေါင်း ၂၀ ကျော်ဖြင့် စီစစ်လေ့လာပြီးသည့်အခါတွင်လည်း Odeabank ဟာ ထင်ရှားတဲ့ Portfolio ကုမဏီများ နှင့် ပူးပေါင်းပြီး ၎င်းတို့၏ ရန်ပုံငွေများကို စားသုံးသူများထံသို့ ထိထိရောက်ရောက် ခွဲဝေပေးနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။

Odeabank ဟာ စတိုးဆိုင်များတွင်ပါ ဘဏ်ခွဲ (branch) တစ်ခုရဲ့ ၀န်ဆောင်မှုများအတိုင်း ၀န်ဆောင်မှုပေးနိုင်မည့် အစီအစဉ်ကိုလည်း စတင်နိုင်ခဲ့ပါတယ်။ ဈေးများ၊ ဆေးရုံများ၊ လူနေရပ်ကွက် များ၊ စီးပွားရေးအချက်အချာနေရာများ၊ လျှပ်စစ်ပစ္စည်းများ ရောင်းချရာ ဈေးဆိုင်ကြီးများအပါအ၀င် နေရာအနှံ့အပြားမှာ ဘဏ်ခွဲ (branches) များ ဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ Odeabank ဟာ သူ့ရဲ့ Chain Store ၀န်ဆောင်မှုများကို တိုးချဲ့လျက်ရှိပါသည်။

၂၀၁၃ ခုနှစ် ဇွန်လမှာတော့ ဘဏ်ဟာ သူ့ရဲ့ ပထမဦးဆုံး အကြွေးဝယ်ကဒ်ဖြစ်တဲ့ Bank’O Card ကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ကဒ်ဝန်ဆောင်ခပေးစရာမလိုတဲ့ Bank’O Card ဟာဆိုရင် ဘဏ် Customer တွေရဲ့ ငွေသားလိုအပ်မှု (Cash Need) နှင့် တခြားအထောက်အကူပြု ၀န်ဆောင်မှု များ ရရှိနိုင်ရာ အထူးထုတ်ကုန်တစ်ခုဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်တွင်တော့ ၂၅၀,၀၀၀ ကျော်သော Akbank Merchants တွေဆီမှာဈေးဝယ်လျှင် ဆုငွေများနှင့် တခြားအရစ်ကျ ငွေပေးချေစနစ်များ ရယူခံစားနိုင်မည့် Bank’O Card Axess ကို စတင်ဖြန့်ဖြူးခဲ့ပါသည်။ ထိုကတ်ကိုင်ဆောင်သူများဟာ ဈေးဝယ်ယူသည့်အခါတိုင်း ချက်ချင်း လက်ငင်းငွေသား ပြန်လည်ထုတ်ယူနိုင်သည့် ၀န်ဆောင်မှုကို ရရှိမှာဖြစ်ပါတယ်။ တစ်ချိန် တည်းမှာတင် မိမိဝယ်ယူသူများထံမှ Discount လည်း ရရှိမည်ဖြစ်သလို ၀ယ်ယူသည့်ပစ္စည်းများအ ပေါ်တွင်လည်း အရစ်ကျငွေပေးချေနိုင်မှာပါ။ အထူး Campaign များနှင့် Targeted Marketing ဆောင်ရွက်မှုများကြောင့် ကတ်ကိုင်ဆောင်သူများဟာ ကတ်ကိုင်ဆောင်သူစိတ်ကြိုက် အထူးပြုလုပ် ပေးထားသော ၀န်ဆောင်မှုများဖြစ်သည့် သာမန်အရစ်ကျငွေပေးချေ၍ ၀ယ်ယူလို့မရနိုင်သည့် အခြေ အနေတွင် အရစ်ကျငွေပေးချေနိုင်ခြင်း၊ အရစ်ကျငွေပေးချေမှုကို ရွှေ့ဆိုင်းနိုင်ခြင်း၊ စားသောက်ကုန် များ သီးသန့်ဝယ်ယူမှုအတွက် အမှတ်များရရှိခြင်း အစရှိသော ၀န်ဆောင်မှုများကို ရရှိမှာဖြစ်ပါတယ်။

တိုက်ရိုက်ဆက်သွယ်လို့ရနိုင်မယ့် ဘဏ်လုပ်ငန်းဆိုင်ရာ လမ်းကြောင်း (Direct banking Channels ) များကို ပြုလုပ်ပေးခြင်းဖြင့်လည်း ဘဏ်ရဲ့ Customer များကို ကျေနပ်အားရစေပါတယ်။ Direct banking Channels များအဖြစ် Moblie banking ၊ SMS banking၊ application များ၊ ဘဏ် အတွင်းမှာတင် Self-Service ပြုလုပ်နိုင်သည့် နေရာများ၊ Internet banking၊ www.odeabank.com .tr (Website)၊ 4448444 Contact Centre နှင့် Odeabank ATM စက်များ ပါဝင်ပါသည်။

အဆင့်မြင့်မားလွန်းတဲ့ နည်းပညာများကို အသုံးချနိုင်မှုကြောင့် ဘဏ်၏ Customer များထံသို့ ဘဏ်ကတ်ကို Online မှ ချက်ချင်းလက်ငင်း ထုတ်ပေးနိုင်သလို ဘဏ်၏၀န်ထမ်းများကိုလည်း Video Call ခေါ်ယူပြီး တိုက်ရိုက်စကားပြောနိုင်မှာပါ။ Odeabank ဟာ သူ၏ ၀န်ထမ်းများ လုပ်ငန်းခွင် သက်သာချောင်ချိရေး အစီအမံအနေနဲ့ လုပ်ငန်းတွင်း Video Call ခေါ်ယူနိုင်ရန်လည်း ပြုလုပ်ပေးထား ပါတယ်။ ဒါ့အပြင် ဘဏ်မှာကျွမ်းကျင်မှု (efficiency) ကို ၄၀ ရာခိုင်နှုန်း တိုးတက်စေမည့် အလိုအ လျှောက် ငွေထုတ်ပေးသည့်ကောင်တာနှင့် အလိုအလျှောက် ငွေလက်ခံသည့်စနစ် (automated acceptance system) လည်း ရှိပါသေးတယ်။

ပြိုင်ဘက်များနှင့်မတူ တမူထူးခြားသော ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိတာနှင့်အညီ Odeabank ဟာ သူ့ရဲ့ ဘဏ်ခွဲပြတင်းပေါက်များမှာ ထိတွေ့ကိုင်တွယ်လို့ရမည့် မျက်နှာပြင် (touch- screen) များကို တပ်ဆင်ပေးထားပါသည်။ ဘဏ်၏၀န်ဆောင်မှုများကို စုံစမ်းသိရှိလိုသူ မည်သူမဆို ထို touch-screen များမှတစ်ဆင့် သွားရောက်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Odeabank ရဲ့ ဧည့်နားနေခန်း (Lounges) များကိုလည်း Customer များ စိတ်ကျေနပ်မှုရရှိနိုင်အောင် ပြုလုပ်ဖန်တီး ထားပါသည်။ ထို Lounges များမှာ tablet များ၊ ထိတွေ့ကိုင်တွယ်လို့ရမည့် စားပွဲခုံများကို ထားရှိပေး ထားပြီး Customer များအနေဖြင့် ဂိမ်းများနှင့် တခြား Application များကို အသုံးပြုနိုင်ခြင်းဖြင့် မိမိ
အချိန်များကို အကျိုးရှိရှိနှင့် ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးစေနိုင်မှာဖြစ်ပါတယ်။ သတင်းအချက်အလက် များ ဖော်ပြပေးနေသည့် Screen များကိုလည်း ထားရှိပေးထားပြီး ကြော်ငြာများ၊ Sequence number များအပြင် လက်ရှိဖြစ်ပျက်လျက်ရှိတဲ့ ဈေးကွက်အချက်အလက်များနှင့် သတင်းများကိုလည်း အချိန် နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါတယ်။

Customer များနှင့်ဘဏ်အကြား ဆက်သွယ်ရာတွင် ကြားခံပေးခြင်းနှင့် Customer များ၏ လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးခြင်းတို့ဖြင့် လက်လီဘဏ်လုပ်ငန်းကို Customer များ အကြိုက်တွေ့နိုင်ရန်အတွက် ဧည့်ကြိုကောင်တာ (teller desk) များတွင် tablet များကိုလည်း ထားရှိ ပေးထားပါသေးသည်။ ထိုသို့ Teller desk များတွင် tablet များထားရှိပေးခြင်ဖြင့် စားသုံးသူနှင့် ၀န်ဆောင်မှုပေးသူ နှစ်ဦးနှစ်ဖက်လုံးအတွက် ဆက်ဆံပြောဆိုရေးတွင် အပြန်အလှန် အကျိုးပြုရုံသာမ က Customer များအတွက် ၎င်းတို့၏ ငွေအထုတ်၊ အသွင်းများ မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို အချိန်မရွေး ကြည့်ရှုနေနိုင်မှာပါ။ ဒါဟာလုပ်ငန်းအတွင်း ပွင့်လင်းမြင်သာမှု (Transparency) ရှိတယ် ဆိုတာကို ဖော်ပြနေပြီး အဆင်မပြေမှုများ ရှိလာပါကလည်း ချက်ချင်းကြားဝင် ဖျန်ဖြေပေးနိုင်မှာဖြစ်ပါ တယ်။ Odeabank တစ်ခုလုံးအတိုင်းအတာအနေနဲ့ စက္ကူအသုံးပြုခြင်းမရှိ (Paperless) ဘဲ ၎င်းအစား application များ တခြားခေတ်မီပစ္စည်းများ အသုံးပြုကာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ် သော စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်အောင် ဖန်တီးလျက်ရှိပါ တယ်။

ဘဏ်၏သမိုင်းကြောင်းဟာ တိုလွန်းလှသော်လည်း သူ၏လုပ်ဆောင်ချက်များနှင့် အောင်မြင်မှု များကိုတော့ ဘယ်နိုင်ငံတကာအဖွဲ့အစည်းမှ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ Odeabank ဟာ “Turkey’s Most Innovative Bank” နှင့် “Turkey’s Best New Bank” ဆုများကို Global Banking and Finance Review မှ ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့ပြီး “Most Innovative Bank Turket 2013” နှင့် “Judges’ Special Mention Award 2013” ဆုများကိုတော့ International Finance Magazine နှင့် Banking Technology Awards တို့မှ ထပ်မံရရှိခဲ့ပါတယ်။ Odeabank ဟာ IDC ရဲ့ “Best Self Service Business Intelligence Project -2013” ဆုကိုလည်း ရရှိခဲ့ပြီး လတ်တလော ချီးမြှင့်မှုတစ်ခု အနေနဲ့ Global Banking & Finance Review ရဲ့ “ Most Innovative Customer Service Bank in Turkey 2014” ဆုကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ ဘဏ်ရဲ့ ကောင်းမွန်လှတဲ့ နည်းပညာအခြေခံ အဆောက်အအုံ၊ ၁,၀၀၀ ကျော်သော ၀န်ထမ်းများ၏ကြိုးစားမှု၊ စိတ်အားထက်သန်မှု၊ စွမ်းရည်သတ္တိ များနှင့် မျိုးစုံ၍ ကွဲပြားသော ဘဏ်ခွဲကွန်ရက်များဖြင့် Odeabank ဟာ မိမိကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် ဒီထက်မက အောင်မြင်နေဦးမယ်ဆိုတာ မလွဲဧကန်ပင် ဖြစ်ပါတော့ တယ်။

ဇင်ထွန်းဝင်း(From May Issue)
Myanmar Banking and Finance Magazine

Leave a Reply

Your email address will not be published. Required fields are marked *