စာဖတ်သူတို့ BRICs ဆိုတာ ကြားဖူးနေကြဖြစ်မှာပါ။ ကမ္ဘာ့ထိပ်သီး သူကြွယ်တွေအဖို့ရော ထို သူများရဲ့ ပိုင်ဆိုင်မှုကို တိုးပွားအောင်ဆောင်ကြဉ်းပေးနေကြတဲ့ Wealth Managers များ အဖို့ကတော့ BRICs ဟာ အဖိုးမဖြတ်နိုင်တဲ့ သားရတနာလေး တစ်ပါးပါပဲ။ ယခုအခါမှာတော့ Next 11 ဆိုတဲ့ ကလေးငယ် တစ်ယောက်ပေါ်ထွန်းလာပါပြီ။
အတိုတောက် N-11 လို့ခေါ်တဲ့ နာမည်အောက်မှာ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မက္ကဆီကို၊ နိုင်ဂျီရီးယား၊ ပါကစ္စတန်၊ ဖီလစ်ပိုင်၊ တူရကီ၊ တောင်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံ စတဲ့ စီးပွားရေး ထွန်းသစ်စ နိုင်ငံများပါဝင်ပါတယ်။ ထိုနိုင်ငံများဟာ BRICs ပြီးရင်တော့ အလားအလာအကောင်းဆုံးနိုင်ငံများ လို့ မှတ်ယူလို့ရပါတယ်။ N-11 ထဲကမှ MIKT (မက္ကဆီကို၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ တူရကီ) နိုင်ငံများရဲ့ GDP ဟာဆိုရင် N-11 တစ်ဖွဲ့လုံးရဲ့ ၇၃ ရာခိုင်နှုန်းရှိပါတယ်။
ထိုကြီးမာလှတဲ့ ဖွံ့ဖြိုးမှုနှုန်းကို ငယ်ရွယ်ပြီး ခေတ်ပညာတက်လူငယ်လူရွယ်များရဲ့ စွမ်းအားနဲ့ မောင်းနှင်ခဲ့တယ်ဆိုတာတော့ မည်သူမျှ သံသရရှိမယ်မထင်ပါဘူး။ အကယ်၍ ဂျပန်နိုင်ငံလို လူဦးရေတော့ များပါရဲ့ လူအိုအရွယ်တွေကသာ စိုးမိုးနေရင်လည်း ဖွံ့ဖြိုးမှုကို မသွားနိုင်သလို လူငယ်တဲ့သူတွေအများအပြား ရှိပြီး ပညာတွေမတတ်ကြပြန်ရင်လည်း တိုးတက်မှုကိုသွားနိုင်မှာ မဟုတ်ပါဘူး။
BRICs နဲ့ N-11 နိုင်ငံတွေကို လူအများစု မျက်စိကျနေရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ချက် ကတော့ ပြည်တွင်းစားသုံးမှုပဲဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အလွန်တွင် ထိုစီးပွားရေး ထွန်းသစ်စနိုင်ငံများရဲ့ လူလတ်တန်းစားများဟာ တစ်ကုဋေထိတိုးတက်လာမယ်လို့ မှန်းဆနေကြပါတယ်။ ထိုအခြင်းအရာဟာဆိုရင် စီးပွားရေးလုပ်ငန်းရှင်များအတွက် သတင်းကောင်းတစ်ခုပါပဲ။
N-11 နိုင်ငံများကို Goldman Sachs ရင်းနှီးမြုပ်နှံမှုဘဏ်က ရွေးချယ်ခဲ့တာဖြစ်ပြီးတော့ မက်ခရို စီးပွားရေး တည်ငြိမ်မှု၊ နိုင်ငံရေးအရ ရင့်ကျက်မှု၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု မူဝါဒတွေ ပွင့်လင်းမှုနှင့် ပညာရေးအရည်အသွေး ပြည့်ဝမှုတို့ကိုအခြေခံပြီး တိုင်းတာခဲ့ခြင်းဖြစ်ပါတယ်။
ယခုကမ္ဘာပေါ်တွင် တိုးတက်ပြီး နိုင်ငံ ၃၃ နိုင်ငံ၊ Growth နိုင်ငံ ၈ နိုင်ငံနှင့် ထွန်းသစ်စနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၆၀ ကျော်ရှိပါတယ်။ ထိုထွန်းသစ်စနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ GDP ဟာ တစ်ကမ္ဘာလုံး GDP ရဲ့ 1% အောက်မှာ သာ ၇ှိပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ရေတွင်းထဲက ဖားသူငယ်လိုမနေဘဲ ရေတွင်းအပြင်ဘက်ကို ကျော်ကြည့်နိုင်ရပါမယ်။ တစ်နည်းအားဖြင့် ကိုယ့်အကြောင်းကိုသိရပါမယ်။ အခုလိုအခြေအနေမျိုးရောက်ရှိ နေတာကလည်း ကိုယ့်အကြောင်းကိုမသိခဲ့လို့ပါ။ ကိုယ့်ကိုကိုယ်လိမ်ညာခဲ့လို့ပါ။ ထို့အပြင် လူတစ်ယောက်ဟာ ကိုယ့်အားနည်းချက်ကို သိပြီဆိုရင် ထိုအမှားကိုပြင်နိုင်တဲ့ စွမ်းအားလည်းလိုအပ်ပါသေးတယ်။ ကိန်းဂဏန်းများ အရဆိုရင် ကျွန်တော်တို့ဟာ ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။

အပြစ်တင်မည်ဆိုရင်လည်း အပြင်တင်စရာအများကြီး ရှိသလို ဆုံးနိုင်မှာလည်းမဟုတ်တော့ပါဘူး။ ဒါကြောင့် အတိတ်ကို အပြစ်တင်နေမည့်အစား လူတစ်ယောက်ချင်းစီက မိမိရဲ့အားနည်းချက်များကို ဂရုတစိုက် ပြုပြင်သင့်ပါတယ်။ MBF ဟာ ငွေရေးကြေးရေးဆိုင်ရာ မဂ္ဂဇင်းဖြစ်သည့်အလျှောက် ကမ္ဘာကျော်ရင်းနှီးမြုပ်နှံသူ Warren Buffett ပြောခဲ့တဲ့ စကားလေးနဲ့ပဲ အနှစ်ချုပ်ပြီး မီးမောင်းထိုးပြလိုက်ရပါတယ်။
“ Risk comes from not knowing what you’re doing. “
– ဇင်ထွန်းဝင်း (ZTK)
n11

Leave a Reply

Your email address will not be published. Required fields are marked *