နိုင်ငံခြားငွေကြေးဈေးကွက်အပေါ် လေ့လာမှုများသည် တခြားဂြိုလ်တစ်ခုပေါ်သို့ ခရီးသွားရ ခြင်းနှင့်တူသည်ဟူ၍ နာမည်ကျော် “အပြည်ပြည်ဆိုင်ရာ ဘောဂဗေဒ” စာအုပ်ပြုစုခဲ့သူ P.H.Lindert နှင့် C.P. Kindleberger တို့က ဆိုစမှတ်ပြုခဲ့ကြသည်။ အဆိုပါ ဘောဂဗေဒဂုရုများဆိုခဲ့သလိုပင် နိုင်ငံခြား ငွေကြေးဈေးကွက်သည် တခြားကမ္ဘာမှ ဂြိုလ်သားများဟု ဆိုနိုင်လောက်သော အခေါ်အဝေါ် အထူးအဆန်းများဖြင့် ပြည့်နှက်လျှက်ရှိပေသည်။

ဥပမာအားဖြင့်ဆိုရလျှင် အရှုံးကာကွယ်လို၍ ရောင်းဝယ်ကြသူများ (Hedgers) ငွေကြေးဖလှယ်နှုန်း ကွာဟမှုအပေါ် အမြတ်ရလို၍ ရောင်းဝယ်ကြသူများ (Arbitrageurs) ဇူးရစ်မှပညာရှိကြီးများ (Gnomes of Zurich)၊ လှိုဏ်ခေါင်း အတွင်းမှမြွေ (the Snake in the Tunnel) စသည်ဖြင့် အမည်နာမအမျိုးမျိုး၊ ရောင်းဝယ်မှု ပုံစံအသွယ်သွယ်၊ အကျိုးတူပူးပေါင်းလုပ်ဆောင်မှု အဖုံဖုံဖြင့် ကမ္ဘာ့ငွေကြေးဈေးကွက်ကို ချယ်လှယ်လျက်ရှိပါသည်။ ထို့ပြင် ၁၈၀၀ ပြည့်လွန်နှစ်များစတင်၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးဈေးကွက်တွင် ရေပန်းစားခဲ့သော ဘဏ္ဍာရေးဆိုင်ရာ ဆင့်ပွားစာချုပ်စာတမ်းများ (Financial Derivatives) ဖြစ်ကြသည့် အခွင့်ထူး (Option) ငွေကြေးအနာဂတ် (Financial Futures)၊ အတိုးနှုန်းအလဲအလှယ် သဘောတူညီချက် (Interest Rate Swap) စသည့် ဆုံးရှုံးနစ်နာမည့် အန္တရာယ်ကို ကာကွယ်သည့် ကိရိယာများ (Hedging Instruments) ဖြင့် အလွန်သိမ်မွေ့သည့် ရောင်းဝယ်ဖောက်ကားမှုများကို လည်း ကမ္ဘာ့ငွေကြေးဈေးကွက်တွင် နေရာအနှံ့အပြား တွေ့မြင်နိုင်ပေသည်။

ထိုသို့သော ဘဏ္ဍာရေးဆိုင်ရာ ဆင့်ပွားစာချုပ်စာတမ်းများ၏ လက်တွေ့ရောင်းဝယ်မှုများကို မဆောင်ရွက်နိုင်ငြားသော်လည်း အနက်အဓိပ္ပာယ်များကို သိရှိနားလည်ထားရန် အထူးလိုအပ်ပေ သည်။ ထိုဝေါဟာရများ၏ အနက်အဓိပ္ပာယ်ကို နားမလည်ဘဲ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် လေးနက် သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ နိုင်ငံခြားငွေကြေးအမျိုးမျိုးကို ကိုယ်တွယ်ရောင်းဝယ်နေရသော ဘဏ်လုပ်ငန်းဆောင်တာများကို တာဝန်ယူစီမံဆောင်ရွက်နိုင်ရန် ခက်ခဲပေလိမ့်မည်။

အမှန်စင်စစ် ဘဏ္ဍာရေးဆိုင်ရာ ဆင့်ပွားစာချုပ်စာတမ်းဟူသည် ဘဏ္ဍာရေးဆိုင်ရာ ဆင့်ပွား စာချုပ်စာတမ်းများ (Financial Instruments) မှ ဆင်းသက်လာခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်းတစ်ခုဖြစ်သော စတော့ (Stock) တစ်ခု၏ ၀ယ်နိုင်ရောင်းနိုင်ရန် အခွင့်အရေးကို ရင်းနှီးမြှုပ်နှံသူ (Investor) ထံ ပေးအပ်ထားခြင်းကို ဘဏ္ဍာရေးဆိုင်ရာ ဆင့်ပွား စာချုပ်စာတမ်းတစ်ခုဖြစ်သော စတော့အခွင့်ထူး (Stock Option) ဟု ခေါ်ဆိုခြင်းပင်ဖြစ်သည်။ ထို့ပြင် ငွေကြေးအနာဂတ် ရောင်းဝယ်ခြင်းဆိုသည်မှာ (Currency Futures) ဖလှယ်လိုသော စံသတ်မှတ် ထားသည့် ငွေပမာဏနှင့် သတ်မှတ်ထားသည့် အချိန်ကာလတွင် ကြိုတင်သဘောတူညီချက်ဖြင့် လည်း ၀ယ်ယူနိုင်ပေသည်။ ထိုသို့သော ၀ယ်ယူခြင်းကို အနာဂတ်ကို ပဋိညာဉ်ပြုဝယ်ခြင်း (Future Contracts) ဟု ခေါ်ဆိုနိုင်ပေသည်။ ထို့ပြင် အလဲအလှယ် သဘောတူညီချက် (Swap) ဟူသော စကားသည် အတိုးနှုန်းတစ်မျိုးနှင့်တစ်မျိုး၊ ငွေကြေးတစ်မျိုးနှင့် တစ်မျိုးတို့ကို မိမိတွင် အကျိုးဖြစ်ထွန်း စေရန် ဖလှယ်မှုပြုခြင်းပေါ် အခြေခံသည့် သဘောတရားတစ်ခုပင်ဖြစ်သည်။

အတိုးနှုန်းသဘောတူညီချက်တစ်ခုကို ဥပမာအားဖြင့် ဖော်ပြရာတွင် ကူးသန်းရောင်းဝယ်ရေး ဘဏ်တစ်ခု (A Commercial Bank) ၏ အဓိကလုပ်ငန်းဖြစ်သော အပ်ငွေများကိုလက်ခံခြင်း၊ ချေးငွေ များကို ထုတ်ချေးခြင်းဆိုသည့်လုပ်ငန်းသည် သမရိုးကျ လုပ်ငန်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း ထိုသို့ ထုတ်ချေးသည့်အတွက် အတိုးနှုန်းဟူသော မတူညီသည့် အတိုးနှုန်း (Fixed Rate & Floating Rate) နှစ်မျိုးအတက်အကျကြောင့် စွန့်စားမှုအန္တရာယ် (Risk) ကို ပပျောက်စေရန် အဆိုပါဘဏ်သည် အခြားသော ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အတိုးနှုန်းအလဲအလှယ် သဘောတူညီချက် (Interest Rate Swap) ပြုလုပ်မှသာလျှင် ဖော်ပြပါ စွန့်စားမှုအန္တရာယ်ကို ပပျောက်စေနိုင်မည်ဖြစ် သည်။
အချုပ်အားဖြင့်ဆိုရသော် ဘဏ္ဍာရေးဆိုင်ရာ ဆင့်ပွားစာချုပ် စာတမ်းဈေးကွက်သည် အနာဂတ်ရောင်းဝယ်မှုပေါ်တွင် မူတည်၍ လက်ငင်းဈေးကွက် (Cash Market) ၌ အရောင်းအ၀ယ် ပြုလုပ်ရာတွင် ပြောင်းလဲနေသည့် ဈေးနှုန်းအတက်အကျကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုအန္တရာယ် ကို လျော့နည်းစေရန် အနာဂတ်စာချုပ်ကို အသုံးပြု၍ အရောင်းအ၀ယ် အပေးအယူ လုပ်ဆောင်ကြခြင်းပင်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *