“ပထမဆုံးနည်းလမ်းမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် အောင်မြင်သူတစ်ဦးအဖြစ် ရပ်တည်နိုင်အောင်၊ ကြိုးစားခြင်းပင်ဖြစ်သည်။ “
 
အချို့သူများသည် ဘဝကိုအရှုံးပေးတတ်ကြသည်။ ယင်းသို့ဘဝကို အရှုံးပေးသူများမှာ အရာရာကို ကြောက်ရွံ့တတ်ခြင်း၊ ဆင်ခြေပေးမှု များလာတတ်ခြင်း၊ အဆိုးမြင်ဝါဒများကို ကျင့်သုံးလာတတ်ခြင်းတို့ ခံစားကြရကာ လုပ်ဆောင်သမျှ အောင်မြင်မှုလမ်းကို မလှမ်းတတ်နိုင်ကြပေ။ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် ယင်းစိတ်ဓာတ်မျိုးလုံးဝ မရှိရပေ။ ဘဝကိုလျှောက်လှမ်းရာတွင် အောင်မြင်သူတစ်ယောက်အနေဖြင့် ယူဆကာ ရင်ဆိုင်တွေ့ကြုံရသော အခက်အခဲဟူသမျှကို ကျော်လွှားအောင်မြင်ရမည်ဟု မှတ်ယူထားရမည်။ စီးပွားရေးလောကတွင် ယနေ့ ရေပန်းစားနေသော “Think Positive and think Big” ဆိုသည့်အတိုင်း “အကောင်းဘက်ကိုသာ စဉ်းစား၍ မြင့်မြင့်မားမား တွေးခေါ်” တတ်ရပေသည်။
 
မိမိလုပ်ကိုင်ရမည့် လုပ်ငန်းများနှင့် မိမိရောက်ရှိရမည့် ပန်းတိုင်များအပေါ် မိမိစွမ်းဆောင်နိုင်သမျှ သိရှိနားလည်အောင် လုပ်ထားမှသာ မိမိလျှောက်လှမ်းရမည့်လမ်းတွင် ကြုံတွေ့ရမည့် အခက်အခဲမှန်သမျှကို အောင်မြင်ကျော်လွှားနိုင်ပေမည်။ “ဆုံးရှုံးမှုကို ရှောင်ကွင်းသည်ထက် အောင်မြင်မှုကို ဦးတည်သည်က ပိုမိုကောင်းမွန်ပေသည်။ “ဆုံးရှုံးမှုအနည်းဆုံးကို မျှော်မှန်းသည်ထက် အကျိုးအမြတ်အများဆုံး ရရှိမှုကို အာရုံစူးစိုက်မှုရှိသည်က ပိုမိုကောင်းမွန်ပေသည်။”
 
ဒုတိယနည်းလမ်းမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်အနေဖြင့် မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းကို ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဦးဆောင်တတ်ရန် လိုအပ်ပေသည်။ ယင်းသို့လုပ်ငန်းကို ဦးဆောင်နိုင်ရန်အတွက် မည်သို့ဦးဆောင်ရမည်ကို အမြဲတမ်းလေ့လာကာ မိမိစီးပွားရေးအဖွဲ့အစည်း အောင်မြင်မှုများအတွက် တာဝန်ယူတတ်ရပေမည်။ ယင်းသို့ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် သတိပြုရန်အချက်တစ်ချက်မှာ မိမိ၏ ကြိုးစားအားထုတ်မှုကို မိမိအဖွဲ့အစည်းက အသိအမှတ်​ပြု ခြင်း၊ ချီးမြှင့်ခြင်းများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိလုပ်ငန်းကို ဂရုတစိုက်ဆောင်ရွက်သွားရန်လိုသည်။
 
မိမိလုပ်ကိုင်သော စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွင် လုပ်ကိုင်နေကြသူများ၏ ဝါသနာ၊ ဗီဇ၊ ကျွမ်းကျင်မှု စွမ်းအာစု၊ သွင်းအားစုများကို တူညီသောပေါင်းစပ်မှုများ ပြောင်းလဲမှုများ ပြုလုပ်၍ အောင်မြင်သော အဖွဲ့တစ်ခုဖြစ်လာဖို့ ဆောင်ရွက်ရန်လိုပေသည်။ မိမိအဖွဲ့အစည်းနှင့် ပက်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း ဘက်လိုက်မှုမရှိသော ဆုံးဖြတ်ချက်မျိုးကို မိမိကိုယ်ကို မိမိ ယုံကြည်မှုအပြည့်ဖြင့် ဆုံးဖြတ်တတ်ရန် လိုအပ်ပေသည်။ မိမိအဖွဲ့အား ခေါင်းဆောင်မှုပေးရာတွင် ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းများနှင့် ပြုမူဆောင်ရွက်မှုမျိုးကို မိမိနှင့်အဖွဲ့သားများအတွင်း ပိုမိုတိုးတက်လာအောင် ဆောင်ရွက်နိုင်ရမည်။ ထို့ပြင် လူအများနှင့် ပူးပေါင်းလုပ်ဆောင်ရာ၌ လုပ်ဆောင်ရမည့် အလုပ်များကို ပိုမိုကောင်းမွန်အောင် မည်သို့လုပ်ဆောင်ရမည်ကို အမြဲလေ့လာနေရမည်။ စီးပွားရေးလုပ်ငန်းသည် လူအများနှင့် အမြဲထိတွေ့ဆက်ဆံနေရသဖြင့် တစ်ပါးသူ၏ ပြောစကားများကို ကောင်းမွန်စွာနားထောင်တတ်သည့် အကျင့်နှင့် တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရာတွင်လည်း ကောင်းမွန်သော ဆက်သွယ်မှုဖြစ်ရေးအတွက် လေ့လာနေရပေမည်။
 
တတိယနည်းလမ်းမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် စွန့်ဦးတီထွင်လုပ်ငန်းရှင်၏ ပညာရပ် (Entrepreneurship) နှင့် စီးပွားရေးလုပ်ငန်းတစ်ခုကို မည်သို့စတင်ရမည်ဆိုသည့် နည်းပညာရပ်များကို အတတ်နိုင်ဆုံးသိရှိနားလည်အောင် ဆောင်ရွက်ထားရမည်။ ထို့ပြင် ယနေ့စီးပွားရေးလုပ်ငန်းကို စနစ်တကျအောင်မြင်စွာ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ချဉ်းကပ်၍ မိတ်ဆွေအပေါင်းအသင်းအဖြစ် ဆောင်ရွက်ကာ ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များကို အတုယူလေ့လာဆည်းပူတတ်ရန် လိုအပ်ပေသည်။ အထူးသဖြင့် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ပံကိုင်ပုံ၊ အမူအကျင့်၊ နေထိုင်ပုံစသည်တို့ကို မိမိလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်း နယ်ပယ်အတွင်းသို့ ပုံစံပြောင်းယူတတ်ရန် လိုအပ်ပေသည်။
 
စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် အောင်မြင်သော လုပ်ငန်းရှင်များရေးသားထားသည့် နည်းပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ၊ စာအုပ်စာတန်းများကို လေ့လာဖတ်ရှုခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း တို့ကိုပြုလုပ်ရပေမည်။ မိမိတွေ့ဆုံသည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များမှာ မြင့်မားသောရည်မှန်းချက် ရှိသူများဖြစ်သည်။ အများစုမှာ ငယ်ရွယ်သော စီးပွားရေးလုပ်ငန်းရှင်များအတွက် အဘက်ဘက်မှ အားပေးအားမြှောက်ပြုတတ်ကြသည့် လူများဖြစ်တတ်ကြပေသည်။
 
စတုတ္ထနည်းလမ်းမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင် အတတ်ပညာကို လေ့လာခြင်းပင်ဖြစ်သည်။ အတွေ့အကြုံသည် အကောင်းဆုံးဆရာ (Experience is the best teacher) ဟုပြောတတ်ကြပေသည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် စီးပွားရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းလိုပင် သဘောထားဆောင်ရွက်ရမည်။ ‘ဆင်သတ် အရပ်ဝေ’ နေသည့်လုပ်ငန်းမျိုးမဟုတ်ပေ။ အကယ်၍ မိမိ၏မိဘ၊ ဆွေမျိုးသားခြင်း၊ သူငယ်ချင်းများသည် လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်၍ စီးပွားရေးလုပ်နေကြသူများရှိလျှင် မိမိ၏ ကိုယ်ပိုင်အားလပ်ချိန်များတွင် ယင်းလုပ်ငန်းများ၌ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုကို မည်သို့စီမံရမည်ကို အတွေ့အကြုံအရ ပိုမိုသိရှိနားလည်ပေမည်။
ယင်းအတွေ့အကြုံများရလာသောအခါ မိမိကိုယ်ပိုင်လုပ်ငန်းငယ် တစ်ခုကို စတင်တည်ထောင်ရန် လိုအပ်ပေသည်။ အချို့သောဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် လုပ်ငန်းငယ်များကို စတင်တည်ထောင် ဆောင်ရွက်ရာ၌ သုံးစွဲသူများအမြဲ လိုအပ်မည်ဟု ထင်ရသော ပစ္စည်းများကို စတင်ရောင်းချကာ လုပ်ငန်းစတတ်ကြသည်။
ယင်းသို့လုပ်ငန်းစတင်ခြင်းဖြင့် အမြတ်ငွေတဖြည်းဖြည်း ပွားများလာပြီးမှ လက်ရှိလုပ်ငန်းထက် ပိုမိုကြီးမားသော လုပ်ငန်းမျိုးကို အတွေ့အကြုံအရ ကူးပြောင်းလုပ်ဆောင်တတ်သည်ကို တွေ့ရှိရပေသည်။
ယနေ့မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်၌ စီးပွားရေးလုပ်ငန်းကို အပြိုင်အဆိုင် လုပ်ကိုင်နေကြသော လုပ်ငန်းရှင်တော်တော်များများသည် မိမိလုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းများ၏ ကိစ္စရပ်များတွင်သာ နိစ္စဓူဝ လှုပ်ရှားဆောင်ရွတ်နေကြပေရာ မိမိကိုယ်ကို တိုးတက်အောင် လုပ်ရန်အတွက် မေ့လျော့နေတတ်ကြပေသည်။ အချို့စီးပွားရေး လုပ်ငန်းရှင်များမှာလည်း မိမိကိုယ်မိမိ တိုးတက်အောင် လုပ်ကိုင်ရန် သိပါလျက် လုပ်​ငန်းတွင်နစ်မြှုပ်ပြီး အချိန်မရ၍ မလုပ်ကိုင်နိုင်သည်မျာလဲ ရှိတတ်ကြသည်။
 
ယနေ့မြန်မာနိုင်ငံတွင် ဆောက်ရွက်နေသော စီးပွားရေးစနစ်သည် ဈေးကွက်တွင် အဆုံးအဖြတ်ပေးသော ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး အမျိုးတူပစ္စည်း (သို့မဟုတ်) အမျိုးတူဆောင်ရွတ်မှု လုပ်ငန်းများကို စားသုံးသူများ ကြိုက်နှစ်သက်ကြသည့် ယှဉ်ပြိုင်ဈေးကွက်ထဲတွင် ပြိုင်ဆိုင်နေကြရသဖြင့် မိမိကိုယ်မိမိ အမြဲတမ်း တိုးတက်အောင် လုပ်ကိုင်နေမှသာ စီးပွားရေးလုပ်ငန်းတွင် ရှင်သန်ရပ်တည်နိုင်သည်ကို သတိပြုရပေမည်။ #ZTK

Leave a Reply

Your email address will not be published. Required fields are marked *