ပညာခေတ်မှာ ပညာရှင်ကို ရှာဖွေရတာဟာ အမဲလိုက်သလို ဖြစ်နေတော့တယ်။

ပညာကိုအခြေပြုတဲ့ စီးပွားရေးက ရှေ့တန်းကို ရောက်လာတဲ့အတွက် ပညာရှင်တွေကို မွေးထုတ်ရတာ ဒါမှမဟုတ် ရှာဖွေရတာဟာ ထိပ်တန်းဦးစားပေးကိစ္စဖြစ်ပါတယ်။ သတင်း information ကနေ ပညာအဆင့်ကို ရောက်ခဲ့ရတဲ့ ပညာဟာ လွယ်ကူသလိုလို ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဲ့ဒီအဆင့်ကိုကျော်လွန်ပြီး ဥာဏ်ရည်ဥာဏ်သွေး ယှဉ်ပြိုင်မှုအဖြစ် တွေ့မြင်လာရတယ်။ Intelligent ကို အခြေခံတဲ့ ဈေးကွက်တွေကိုလဲ စီးပွားရေးလောကမှာ ထွန်းကားလာတော့တယ်။

ဒါကို ‘Microsoft’ ရဲ့ အကြီးအကဖြစ်သူ ‘ဘီလ်ဂိတ်’ ကရှင်းပြဖူးတယ်။ သာမန်ပညာအဆင့်ကနေ နောက်တစ်ဆင့်တက်လာတဲ့အခါ IQ သမားတွေ မဖြစ်မနေလိုလာတယ်။ သူတို့ဟာ ဥာဏ်စွမ်းရည်တွေ အပြိုင်အဆိုင် ထုတ်ကြရင်း လူ့လောကအတွက် ပိုမိုကောင်းမွန်တဲ့အရာတွေကို ဖန်တီးပေးလေ့ရှိတယ်။ ပညာနဲ့ကမ္ဘာကြီးကို ရှေ့ကို ရွေ့သွားစေတယ်။

သူတို့ဟာ ကမ္ဘာကြီးကို ဖန်တီးနေသူတွေလဲ ဖြစ်တယ်။ ဒါကြောင့် Mind Mapper စိတ်မြေပုံ ရေးဆွဲနေကြသူတွေလို့ တချို့ကခေါ်ကြရဲ့၊ တချို့ကတော့ ‘ဥာဏ်ရည်အေးဂျင့်’ လို့ခေါ်ကြပါတယ်။

ထူးချွန်တဲ့ ဥာဏ်ရည်အေးဂျင့် တွေကို စီးပွားရေးလုပ်ငန်းရှင်ကြီးတိုင်းက ဂရုတစိုက်မွေးမြူကြရတယ်။ လူတိုင်းရဲ့ဥာဏ်ရည်က ဖူးပွင့်လာတဲ့ အသီးအပွင့်တွေကို ခူးယူစားသုံးဖို့ အတွက်သာမကပဲ အမြော်အမြင်ရှိကြတဲ့ လုပ်ငန်းရှင်တွေကတော့ သူတို့တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေ ပေါ်ပေါက်လာစေဖို့ ထက်မြက်ထူးချွန်ဖို့အတွက် လိုအပ်တာတွေကိုပါ ဖန်တီးပေးလေ့ရှိတယ်။

သစ်ပင်တစ်ပင်မှာ ဖူးပွင့်လာတဲ့ ပန်းတပွင့်ကို ခူးယူ သုံးစွဲဖို့ထက် အဲ့အပင် ပေါက်ရောက်ရှင်သန်နိုင်ဖို့ လှပကောင်းမွန်တဲ့အသီးအပွင့်တွေ ရရှိနိုင်ဖို့အတွက် လိုအပ်သမျှကိုပံ့ပိုးပေးတတ်ကြတယ်။ မြေဆီဩဇာမလုံလောက်ရင် မြေဩဇာကြွေးကြမယ်၊ မပွင့်တွေမွှေးဖို့အတွက် လိုအပ်တဲ့ဆေးဝါးတွေ အသုံးပြု ကြမယ်။ အသီးတွေရှင်သန်ထွားကျိုင်းပြီး၊ ချိုတဲ့အသီးမျိုးဆိုရင်လဲ ပိုချိုအောင် ဆောင်ရွတ်ရလိမ့်မယ်။ ဒါမှ သူလိုချင်တဲ့ အသီးအပွင့်ဟာ စံချိန်မှီနေလိမ့်မယ်။ ဈေးကွက်မှာ ဈေးကွက်ဝေစုတွေ အများအပြားရရှိနိုင်လိမ့်မယ်။

ဘယ်လုပ်ငန်းရှင်မဆို ‘ဥာဏ်ရည်အေးဂျင့်’ များရဲ့ ဉာဏ်ရည်ဉာဏ်သွေးများအရ ပေါ်ထွန်းလာတဲ့ ဈေးကွက်မှာ ဈေးကွက်ဝေစုများ ရနိုင်တဲ့ပစ္စည်းသစ်များကို လိုချင်ကြတာ ဓမ္မတာပါပဲ။ အဟောင်းထဲမှာ တဝဲလည်လည်ဖြစ်နေရတာကို သဘောကျမှာ မဟုတ်ဘူး။ ပိုမိုဆန်းသစ်ခေတ်မှီတဲ့ ပစ္စည်းများကို ဈေးကွက်ထဲကို ရောက်အောင် ဖန်တီးနိုင်မှသာ သူတို့ရှာဖွေပေးတဲ့ ငွေကြေးများကြောင့် ကုမ္ပဏီနဲ့ ကုမ္ပဏီက တာဝန်ရှိသူများဟာ အိတ်ဖောင်းလာနိုင်လိမ့်မယ်။ မျှော်လင့်မထားတဲ့ အမြတ်အစွန်းထက် ပိုမိုတဲ့ အရေအတွက်တွေကိုပဲဖြစ်ဖြစ် ရရှိနိုင်တယ်မဟုတ်လား။

ဒီတော့ အပြိုင်အဆိုင်ပဲ ဥာဏ်ရည်ဥာဏ်သွေးရှိကြတဲ့ ပညာရှင်တွေကို ကောက်ယူမွေးစားလာကြတယ်။ ကိုယ့်လုပ်ငန်းအလျင်အမြန် တိုးတက်လာစေဖို့အတွက် သူတို့ရဲ့ စွမ်းရည်တွေကို အသုံးချပြီး ယှဉ်ပြိုင်လာကြတော့တယ်။ ဒီတော့ ၂၁ ရာစုဟာ ပညာရှင်ဈေးကွက်အဖြစ် အလိုလို ရောက်ရှိလာတာပေါ့။ ကိုယ်ကောက်ယူ မွေးမြူထားတဲ့ ပညာရှင်များရဲ့ တောက်ပြောင်တဲ့ ဥာဏ်ရည်ဥာဏ်သွေး နဲ့ စိတ်ကူးစိတ်သန်းများကြောင့် ကမ္ဘာ့ပြည်သူအများစု မျှော်လင့်နေကြတဲ့ မျှော်လင့်မှုတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြတယ်။ ကုန်ပစ္စည်း အမျိုးအမည်သစ်တွေ ထုတ်လုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေ အနေနဲ့လည်း မျှော်လင့်နိုင်လောက်အောင် ကြီးမားတဲ့အ့မတ်အစွန်းတွေ ရသွားလေ့ရှိကြတယ်။

ဒီတော့ ဓမ္မတာအတိုင်းပဲ ပညာရှင်တွေကို ရှာဖွေမွေးမြူကြတော့တယ်၊ ပညာရှင်ရဲ့ ဦးနှောက်ကို ငွေရှင်က ဖောက်စားရင်း လူတွေရဲ့အိတ်ထောင်ထဲက ငွေစအတော်များများကိုလည်း နှိုက်ယူခွင့်ရသွားကြတယ်။ ပစ္စည်းအသစ်အဆန်းတွေဟာ လူ့လောကရြ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလေ့ရှိပြီး နောက်ဆက်တွဲအဖြစ် မမျှော်လင့်တဲ့ အကျိုးအမြတ်တွေ ရရှိသွားတတ်တယ်။ အကျိုးမြတ် အနည်းအများဆိုတာကလည်း လုပ်ငန်းရှင်တွေအတွက် ငွေကြေးအနည်းအများပဲ မဟုတ်ပါလား။

ဥာဏ်ရည်အေးဂျင့်တွေကို ရှာဖွေမွေးမြူနိုင်မှ လုပ်ငန်းဟာ အကျိုးအမြတ်များများ ရနိုင်လိမ့်မယ်။ သူတို့ရဲ့ စိတ်ကူးမြေပုံဆွဲနိုင်မှုဟာ ငွေတွင်းကြီးရဲ့ အတိမ်အနက်ကို ပြဌာန်းလိမ့်မယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦး ပညာရှင်ရှာဖွေတာ၊ မွေးမြူတာစတဲ့ လုပ်ငန်းရှင်တွေကို အသည်းအသန် လုပ်ကြရတော့တယ်။ နောက်ကျရင် အပေါက်ဝမှာကျန်ခဲ့လိမ့်မယ် ဆိုတဲ့ စကားအတိုင်း ရှာဖွေမှုနောက်ကျခဲ့ရင် အောင်မြင်မှု အပေါက်ဝလောက်မှာပဲ ကျန်ရစ်ခဲ့မှာသေချာတယ်။ လူရှာကောင်းတဲ့ လုပ်ငန်းရှင်တွေက အောင်ပွဲရယူ သွားလိမ့်မယ်။

အဲ့ဒီလို အခြေအနေမျိုးမှာ ပညာရှင်ကို အမဲလိုက်သလို ရှာဖွေရတော့တယ်၊ ရလာတဲ့အခါမှာလည်း ပျော်အောင်ထားရလိမ့်မယ်။ သူ့ရဲ့ဉာဏ်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်လဲ အချက်အလက်ပေါင်းစုံ တည်ဆောက်ပေးရလိမ့်မယ်။ လှပတဲ့ပန်းတစ်ပွင့်ရဖို့အတွက် ပန်းဥယျာဉ်ကို ပြုစုပျိုးထောင် စိုက်ပျိုးရသလိုပဲပေါ့။ ပညာရှင်များကလဲ စိတ်ကူးမြေပုံတွေ များများဆွဲနိုင်ကြပြီဆိုရင် အောင်မြင်မှုတေိဟာ ကိုယ့်ဆီကို မလွဲမသွေရောက်လာလိမ့်မယ်လို့ လုပ်ငန်းရှင်တိုင်းပဲ ယုံကြည်လေ့ရှိကြတယ်။

၂၁ရာစု ခေတ်ဟာ ပညာခေတ်လို့ သတ်မှတ်ထားတဲ့အညီ ပညာခေတ်မှာ မျှော်မှန်းမထားတဲ့ အသီးအပွင့်တွေအများကြီး ပေါ်ပေါက်ခဲ့ရတယ်။ ဒီအတွက် မြောက်များလှစွာသော အကျိုးအမြတ်တွေလဲ နောက်ကတန်းစီပြီး ပေါ်လာတတ်တယ်။ ဒီတော့ ပညာရှင်ဆိုတာ လုပ်ငန်းရှင်တွေအတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ရပြီပေါ့။ ဒီတော့ အပြိုင်အဆိုင်ပဲ ရရှိနိုင်​အောင် ကြိုးပမ်းကြရတယ်။ ဒါပေမယ့် အရောင်းအဝယ် သဘောအရ ဝယ်လိုအားကများပြီး ရောင်းလိုအားက နည်းနေရင် ကိုယ်လိုချင်တဲ့ ပစ္စည်း ကို မရမက အလုအယက် ရှာဖွေရတယ်လေ။ ဘယ်လိုအနေအထားလဲဆိုရင်
အမဲလိုက်ကြသလို သဲသဲမဲမဲလိုက်ကြရတာ။ #ZTK

Leave a Reply

Your email address will not be published. Required fields are marked *