သင်္ကြန်ကျခါနီးတော့ ပိတောက်တွေလဲဖူးကြပြီ၊ သင်္ကြန်မိုးလေးတပြိုက်နှစ်ပြိုက် ရွာပြီးရင်တော့ တစ်ပင်လုံးဝါထိန်နေအောင် ပွင့်ကြလိမ့်မည်။

သင်္ကြန်တွင်းတွင် နိုင်ငံတော်အစိုးရမှ အားလပ်ရက်တွေ ခွင့်ပြုပေးထားတဲ့အတွက် ထိုပိတ်ရက်ကို ကြိုမျှော်ပြီး လူတိုင်း စိတ်ကူးယဉ်တတ်ကြသည်။ ပိတ်ရက်ရှည်တွင် ဘုန်းကြီးဝတ်မည်။ သီလရှင်ဝတ်မည်၊ တရားစခန်းဝင်မည်၊ မဏ္ဍပ်ထိုင်မည်၊ ရေလည်ထွက်မည်၊ မြန်မာနိုင်ငံထဲမှာ လည်ရတာရိုးနေလို့ စင်္ကာပူ၊ထိုင်း၊ ဟောင်ကောင် စသည်ဖြင့် အလည်အပတ်သွားမည်ဟု စိတ်ကူးယဉ်ကြသည်။ ယဉ်တဲ့စိတ်ကူးကိုလဲ အကောင်အထည်ဖော်ဖြစ်အောင် ကြိုးစားကြတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ (၁၂) လလုံး ရာသီပွဲတော်များ ရှိကြသည်။ ကမ္ဘာမှာ မည်သည့် နိုင်ငံမှ (၁၂) လရာသီ၊ တစ်နှစ် (၁၂) ပွဲ အနည်းဆုံးဆိုတာ မရှိကြသေးတဲ့။ ဒါကြောင့်လည်း မြန်မာကို ကမ္ဘာက သိတာကိုး၊ ထို(၁၂) လရာသီပွဲများတွင် တန်ခူးလတွင် ကျင်းပသော ရေသဘင်ပွဲက အပျော်ရဆုံး၊ ဘယ်လောက်ထိပျော်လဲဆိုရင် သိတတ်စကလေးမှ ဘိုးဘွားရိပ်သာရောက်ခါနီး ပုဂ္ဂိုလ်များအထိပျော်သည်။ အိမ်ကမိသားစု ပြောမည်စိုး၍ တရားစခန်းဝင်သည်။ ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်သည်။ “နားထဲမှာ တူးပို့တူးပို့…” သင်္ကြန်ဒိုးသံများ အလိုလိုနေရင်း ကြားယောင်နေတတ်ကြသည်။ အတိတ်က သင်္ကြန်များတွင် ရေစို၍ပြတ်သွားသော လိပ်စာလေးများကို ပြန်လည်တမ်းတ လွမ်းဆွတ်ကြသည်။ သင်္ကြန်မိုးရုပ်ရှင်ထဲက ဇင်ဝိုင်းလို “ဪသင်္ကြန်ဆိုတာ ငါနဲ့ဘာမှမဆိုင်ပါလား” ဆိုပြီး ပုတီးကြီးကိုင် ကြိတ်ပြီး Feeling တတ်နေသူတွေ တပုံကြီးပါ၊ မညာတမ်းဖြေကြေးဆိုရက် ချစ်သူစုံတွဲ သမီးရည်းစား လင်မယားတွေ ရန်ဖြစ်လို့ဆုံးမှာ မဟုတ်ဘူး။

ပျော်လိုက်တာ၊ ပျောက်လိုက်တာဆိုတော့၊ အဲ့ဒီတစ်ဖက်မှာ Risk Management ဆိုတဲ့ စွန့်စားရင်ဆိုင်မှုဆိုတဲ့ ဝေါဟာရတစ်ခု မမြင်ရဘဲ ကပ်နေတယ်ဆိုတာ လူတိုင်းသတိမထားမိကြပါဘူး။ ရီဝေရီဝေနဲ့ ဖြတ်သန်းတဲ့သင်္ကြန်၊ ကခုန်သီဆိုဖြတ်သန်းတဲ့ သင်္ကြန်၊ “သင်္ကြန်အတက်နေ့မှာ သင်္ကြန်သုံးရက်အား မရဘူးကွာ ဧပြီတစ်လလုံး သင်္ကြန်ကျရင်ကောင်းမယ်” တွေးမိတဲ့ အကြံတွေနဲ့ ကပ်ပြီး အန္တရာယ်လေး ရှိနေတတ်တယ်မဟုတ်လား။

ဟိုတုန်းကလူကြီးများပြောကြသည်၊ ပိတ်မရတဲ့နေရာ (၃) ခုရှိတယ်တဲ့ “ရဲစခန်းရယ်၊ ဆေးရုံရယ်၊အဲ့နောက်ပြီး စိတ်မရှိပါနဲ့နော် သချိုင်းပါ” ကိုကျော်သူဆိုရင် အဲ့လိုအခါတွင်းမှာ သူကိုယ်တိုင် နာရေးရုံးမှာ ဂျူတီဝင်ပြီး ကုသိုလ်ယူတယ်လေ။

အခုခေတ်ကြတော့ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ပုဂ္ဂလိက အာမခံကုမ္ပဏီ​တွေက လုံးဝရုံးမပိတ်ထားကြတော့ပါဘူး။ ကွာတာပြောပါတယ်။ ပုဂ္ဂလိကဘဏ်ဆိုရင် အစိုးရရုံးပိတ်ရက် မပိတ်ရက်တောင် မရဘူး။ ပိတ်ကိုပိတ်ရမယ် ဆိုတာကိုး။ ကျွန်တော်တို့ အာမခံလုပ်ငန်းကြတော့ ပရီမီယံ ငွေလက်ခံတာတစ်မျိုးသာ ရုံးပိတ်ရက်ရှိတာ၊ မတော်တဆဖြစ်ရပ်တွေအတွက် ရုံးပိတ်ရက်ရှိလို့မှမဖြစ်တာ။ ဥပမာ မော်တော်ယာဉ် ထိခိုက်မှု ဖြစ်ခဲ့ရင်ဖြစ်လျှင် ဖြစ်ခြင်း၊ ဖုန်းသတင်းရလျှင်ရခြင်း အခင်းဖြစ်တဲ့နေရာကို သွားစစ်ဆေးမှတ်တမ်းတင်ပြီး အမြန်ဆုံးလျော်ကြေးတွက်ချက်ပေးလျော်ရတဲ့ ဝန်ဆောင်မှုလုပ်ငန်းမျိုး ဖြစ်နေတာကိုး။
ထို့ကြောင့် ပိတ်မရတဲ့နေရာ ဒီနေ့ခေတ်မှာ (၄) နေရာဖြစ်သွားပါပြီလို့ ယခုဆောင်းပါးဖြင့် စာဖတ်သူများမှတစ်ဆင့် သတင်းပေးလိုက်ရပါစေ။ “ပျော်ချင်တဲ့သူတွေလည်း အန္တရာယ်ကင်းစွာ ပျော်နိုင်ပါစေ၊ တရားစခန်းဝင်သူတွေလဲ သစ္စာလေးပါး တရားသိမြင်နိုင်ကြပါစေ။”

“မမြင်နိုင်သော အန္တရာယ်များကိုလည်း သတိဖြင့် ရှောင်ရှားနိုင်ပါစေ။” မတော်တဆ ထိခိုက်မှုများ ပေါ်ပေါက်ခဲ့ပါကလည်း အာမခံအကာအကွယ်ဖြင့် ဝန်ဆောင်မှုပေးပါမည်။ ( စာကြွင်း…အာမခံပေါ်လစီ ဝယ်ထားရန်တော့ လိုပါမည်)

ကျွန်တော်တို့ရဲ့ ပင်တိုင် ရေဒီယိုကြော်ငြာအဖွဲ့ဖြစ်သည့် Mandalay FM တွင်လည်း ခြေဆင်းတီးလုံးပြောင်းလိုက်ပါသည်။ သင်္ကြန်ဒိုးသံဖြစ်ပါသည်။ ဒါမှ FM ပရိတ်သတ်ကြီး ပိုပြီးစိတ်ဝင်စားမည်ဖြစ်သည်။ သင်္ကြန်တေးသံပေးကိုး၊ အာမခံပညာအကြောင်းလဲသိလာမည်။ ကျွန်တော်တို့ရဲ့ (၂၄) နာရီ ဝန်ဆောင်ပေးခြင်းကတော့ မပြောင်းပါ။ ဟို (၃) နေရာနဲ့ အပြိုင် ပိတ်ရက်မရှိပါ။

“နှစ်သစ်မှာ စိတ်ရောကိုယ်ပါ ချမ်းသာ၊ လိုရာဆန္ဒပြည့်ဝကြပါစေ…”

#ZTK
Myanmar Banking & Finance Magazine
စိုးဝင်းသန့် (Global World Insurance)

Leave a Reply

Your email address will not be published. Required fields are marked *