ဒီနေ့ခေတ်မှာ အာမခံဆိုတဲ့ စကားလုံးအသုံးအနှုန်းကို လူတော်တော်များများက ပိုလို့တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။

ဟိုပစ္စည်းလည်းအာမခံ၊ ဒီပစ္စည်းလည်းအာမခံဆိုပြီး ကတိနဲ့ရောင်းတဲ့ ထုတ်ကုန်မျိုးစုံကတစ်မျိုး၊ လူမှုဖူလုံရေးရန်ပုံငွေ စုဆောင်းထည့်ဝင်ကြပြီး ကျန်းမာရေးနဲ့ အိုစာနာစာ ထောက်ပံ့မှု အာမခံဆိုတာကတစ်မျိုး၊ စိုက်ပျိုးရေးထွက်ကုန်တွေကို ဈေးနှုန်းကစားခြင်းမခံရအောင် အာမခံပေးတဲ့ သီးနှံအာမခံဆိုတာကတစ်မျိုး၊ ပစ္စည်းတွေကိုမပျောက်ပျက် မလျော့နည်းစေဖို့ ထိန်းသိမ်းပေးမဲ့သိုလှောင်ရုံ အာမခံဆိုတာကတစ်မျိုး၊ ပြည်သူများအကြား နားမလည်တလည်ဖြင့် ကြားနေကြရပါတယ်။

အာမခံဆိုတာကို အင်္ဂလိပ်အသုံးအနှုန်းနဲ့ တွဲသိလိုက်ရင်တော့ ရှင်းပါတယ်။ အထက်မှုပြောခဲ့တဲ့ အာမခံတွေက Guaranty၊ Warranty နှင့် Social Welfare Fund များသာဖြစ်ကြပါတယ်။ ယနေ့ကာလ၌ နိုင်ငံတော်အစိုးရက တာဝန်ယူပြီး ပုဂ္ဂလိက အဖွဲ့များကပါ ပူးပေါင်းပါဝင်၍ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် ပိုင်ဆိုင်မှုများကို အာမခံပေးနေသည်ကို Insurance ဟုခေါ်ပါသည်။ အချို့နိုင်ငံများတွင် Assurance ဟုသုံးနှုန်းပါသည်။ အဓိပ္ပာယ်အားဖြင့် တူညီပါတယ်။

အာမခံလုပ်ငန်း၏ အခြေခံသဘောမှာ လူ (သို့) ပစ္စည်းတစ်ခု၏ တန်ဖိုးကို သတ်မှတ်ပြီး ကာလတစ်ခုအတွင်း အနည်းငယ်သော ရာခိုင်နှုန်းထားဖြင့် သတ်မှတ်တွက်ချက်၍ အာမခံလုပ်ငန်းသို့ ပေးသွင်းထားရပါသည်။ ၎င်းကို ပရီမီယံ (Premium) ကြေးဟုခေါ်ပါသည်။

အာမခံထားသော ကာလအတွင်း (ဥပမာ ၃လ ၊ ၆လ ၊ ၁နှစ်အတွင်း) အကြောင်းကြောင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ပါက ပျက်စီးဆုံးရှုံးမှုတန်ဖိုးအတိုင်း အာမခံပညာရှင်က Accurate ပြုလုပ်၍ Customer ကိုပေးလျော်ရပါသည်။ ၎င်းကို Claim ဟုခေါ်ပါသည်။

ယခုရက်ပိုင်း၌ “သီးနှံသိုလှောင်ရုံ အာမခံစနစ်” ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ကြပါတယ်။ စာရေးသူနားလည်တဲ့သဘောက တောင်သူများ သီးနှံထွက်ရှိချိန်တွင် ငွေကြေးလိုအက်ချက်ကြောင့် ကုန်သည်ပွဲစားများထံ ဈေးနှိမ်မခံရစေရန်အတွက် ၎င်းတို့ပိုင် ပွဲရုံများ၊ ဂိုဒေါင်များတွင် လှောင်ထားပြီး ဝယ်လက်ကောင်းကောင်း၊ ဒါမှမဟုတ် ပြည်ပဈေးကွက်သို့ ဈေးကောင်းဖြင့် ရောင်းပေးခြင်းဖြစ်သည်။ အာမတော့ခံတာ မှန်ပါလိမ့်မည်။ သက်သေခံအာမခံမျိုးသာ ဖြစ်ပါသည်။ Insurance အာမခံ အမျိုးအစားတော့ မဟုတ်ပါ။

တကယ်တော့ အာမခံဆိုတာ အပ်ကနေ ဒုံးပျံအထိ ထားလို့ရပါတယ်။ မျက်စိများလည်သွားမလား မသိဘူး။ အမှန်ပါပဲ။ နေပြည်တော်မှာ နိုင်ငံခြားအာမခံတစ်ခုက Satellite Insurance ဆိုပြီး Seminar လုပ်ခဲ့ဖူးပါတယ်။ ဒုံးပျံတစ်ခု မလွှတ်တင်ခင် စဆောက်ကတည်းကစပြီး ကမ္ဘာပတ်လမ်း၊ စကြဝဠာထဲ ရောက်တဲ့အထိ ပရီမံယံအဆင့်ဆင့်သွင်းပြီး အာမခံထားရတာမျိုး တကယ်ရှိနေပါပြီ။

#ZTK
Myanmar Banking & Finance Magazine
စိုးဝင်းသန့် (Global World Insurance)

Leave a Reply

Your email address will not be published. Required fields are marked *