၂၁ ရာစုပိုင်းမှာတော့ အမေရိကန်တက္ကသိုလ် Entrepreneur ship ဌာနရဲ့ ပါမောက္ခ တစ်ဦးဖြစ်သူ Dr. Robert Hisrich ကတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ဟာ အောက်ဖော်ပြထားတဲ့ အချက်တွေနဲ့ပြည့်စုံရမယ်လို့ ဆိုပါတယ်။

 

– စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိရဲ့စီးပွားရေးလုပ်ငန်းကို Personal Gain ရယူလိုမှုအတွက် ကိုယ်တိုင်ဖွဲ့စည်းထူထောင်တာ၊ ကိုယ်တိုင်လုပ်ငန်းဆောင်ရွက်တာတို့ရှိရမယ်။
– စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိစီးပွားရေးလုပ်ငန်းမှာ အသုံးပြုတဲ့ ရုပ်သတ္ထုပိုင်းဆိုင်ရာ ကုန်ကြမ်းပစ္စည်းတွေ၊ မြေ၊ အလုပ်သမားခ၊ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို စီးပွားရေး စတင်လုပ်ကိုင်တဲ့ အချိန်မှာရှိနေတဲ့ လက်ငင်းပေါက်ဈေးနဲ့ ဝယ်ယူအသုံးပြု ပေးကမ်းဆောင်ရွက်သူဖြစ်ရမယ်။

– စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိစီးပွားရေးလုပ်ငန်းမှာ စီမံချက်ရေးဆွဲတာ၊ ဖွဲ့စည်းပုံတွေချမှတ်တာ ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ဆောင်တာတို့မှာ ကိုယ်တိုင်ဦးဆောင်မှုပေးရမယ်။ ကျွမ်းကျင်မှုနဲ့ ထိုးထွင်းကြံဆမှုပေးတတ်ရမယ်။

– စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိစီးပွားရေးလုပ်ငန်းမှာ ကြိုတင်မမြင်နိုင်တဲ့ ကိစ္စရပ်တွေနဲ့ မိမိကိုယ်တိုင်မထိန်းသိမ်းနိုင်တဲ့ ကိစ္စရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုမျိုးကို ခံနိုင်စွမ်းရှိရမယ်။

– စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိစီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုအရ ပေးဆောင်ရမည့်အခွန်အခ၊ စရိတ်စကမှန်သမျှကို ပေးဆောင်ပြီးမှ အသားတင်ကျန်ရှိတဲ့ အကျိုးအမြတ်ကိုသာ မိမိအတွက်ထိန်းသိမ်းသူဖြစ်ရမယ်။

အထူးသဖြင့် ဒီနေရာမှာ အထက်ကဖော်ပြခဲ့တဲ့ အချက်၅ချက်ထဲက နောက်ဆုံးအချက်ကိုအလေးပေးပြောရမယ်ဆိုရင် ‘ ပေးဆောင်ရမယ့်အခွန်အခ၊ စရိတ်စကမှန်သမျှကို ပေးဆောင်ပြီးမှ..’ လို့ဆိုထားတော့ ဒီနေ့စွန့်ဦးတီထွင်လုပ်ငန်းရှင်လို့ အမည်ခံထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အချက်နဲ့ကိုက်မှ ကိုက်ညီပါ့မလားလို့ ပူပန်မိပါတယ်။

နိုင်ငံတော်ကို အခွန်အခတော့ပေးပါရဲ့၊ ဒါပေမယ့် မှန်ကန်တဲ့ တွက်ချက်မှုကနေ ထွက်ပေါ်လာတဲ့ အခွန်အခမှ ဟုတ်ပါရဲ့လား။ တကယ်အမှန်ဝင်ငွေပေါ်ကပဲ တွက်တာလား။ ဒါမှမဟုတ် တကယ့်အမှန်ရောင်းရငွေ ပေါ်ကပဲ တွက်တာလား ဆိုတာတော့ သက်ဆိုင်ရာကာယကံရှင်တွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လိပ်ပြာသန့်သန့် ခံစားမှုပေါ်ကရလာတဲ့ အဖြေကပဲ အမှန်တရားကို ပြောပြနိုင်ပါလိမ့်မယ်။စာရေးသူရိုးသားစွာနားလည်ထားတာ၊ သိထားတာတစ်ခုကတော့ နိုင်ငံတော်အစိုးရက ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ပေးရတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း၊ ပရောဂျက်တော်တော်များများက နိုင်ငံတော်အခွန်၊ ဘဏ္ဍာရငွေ အပေါ်မူတည်နေတယ်ဆိုတာပဲ ဖြစ်တယ်။

နိုင်ငံတော်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွန်အခတွေ မရရင် လုပ်သင့်လုပ်ထိုက်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ရည်မှန်းသလောက်လုပ်နိုင်မှာမဟုတ်ဘူး။ ဝင်ငွေရရှိတဲ့ ဝန်ကြီးဌာနတွေက ဝင်ငွေမရှိတဲ့ ဝန်ကြီးဌာနတွေကို ခွဲဝေရမှာဖြစ်တော့ စီးပွားရေးလုပ်ငန်းရှင်တွေက မှန်ကန်တဲ့အခွန်အခတွေကို မပေးခဲ့ရင် အကျိုးဆက်က နောက်ဆုံးပြည်သူတွေပဲ ခံရမှာလေ။ ဒီလောက်ဆို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သဘောပေါက်မှာပါ။

ဒီတော့စွန့်ဦးတီထွင်လုပ်ငန်းရှင်မှာရှိရတဲ့ အချက်အလက်တွေကို ပြန်ပြီး စေ့စေ့ငငလေ့လာရင် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ ခွင်သမားမဟုတ်ဘူး။ ရိုက်စားလည်းမဟုတ်ဘူး၊ လိုရင်လိုသလို မလိုရင်မလိုသလို စီးပွားရေးလုပ်ငန်းတစ်ခုနဲ့တစ်ခု ခုန်နေတဲ့ Jumper လည်း မဟုတ်ဘူးဆိုတာသေချာတယ်။ ဒီတော့ စီးပွားရေးလုပ်ငန်းရှင်တိုင်းဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင် မဟုတ်ဘူးဆိုတာ သေချာတယ်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ တကယ့်ကို စီးပွားရေးအကျင့်သိက္ခာ ပြည့်ပြည့်ဝဝနဲ့ ရှေ့ကိုတည့်တည့်မတ်မတ် သွားနေတဲ့သူ ဖြစ်တယ်ဆိုတာ သေချာတယ်။

” ရိုးသားမှန်ကန်စွာ စီးပွားရှာတဲ့သူတိုင်း ဘယ်လိုခေတ်ကာလမှာ စိတ်ရဲ့ချမ်းသာခြင်း ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံမယ်” ဆိုတဲ့ အဆိုပြုချက်ဟာ အမြဲတမ်းမှန်ကန်နေတဲ့ ပရမတ္ထသစ္စာတရား လို့စာရေးသူဆိုရင် လွန်မယ်မထင်ပါဘူး။ တိုက်တွန်းလိုတာကတော့ စီးပွားရေးကိုလုပ်ကိုင်ရင်ဖြင့် ဘယ်တော့မှ စီးပွားရေးကျင့်ဝတ်ကို မချိုးဖောက်မိစေဖို့ လိုကြောင်းပါခင်ဗျာ။ #ZTK

ရဲမြင့် (စွန့်ဦးတီထွင်) – Myanmar Banking and Finance Magazine

Leave a Reply

Your email address will not be published. Required fields are marked *