ငွေရေးကြေးရေး ဈေးကွက်များ (Financial Market) ကို ယေဘုယျအားဖြင့် ၄မျိုး ခွဲခြားကြည့်နိုင်သည်။ ယင်းတို့မှာ

 

– ကာလတိုငွေရေးကြေးရေးဈေးကွက် သို့မဟုတ် ငွေကြေးဈေးကွက် (Short-term Financial Market or Money Market)
– ကာလရှည်ငွေရေးကြေးရေးဈေးကွက် သို့မဟုတ် အရင်းအနှီးဈေးကွက် (Long-term Financial Market or Capital Market)
– နိုင်ငံခြားဈေးကွက် (Foreign Exchange Market)
– ဘဏ္ဍာရေး ရပိုင်ခွင့်များ (Financial Assets) အပေါ် အခြေပြု၍ အနာဂတ် ကာလအတွက် သဘောတူစာချုပ်များ ချုပ်ဆိုရောင်းဝယ်သည့် ဈေးကွက် (Derivatives Market) တို့ဖြစ်ပါသည်။

ကာလတို ငွေရေးကြေးရေးဈေးကွက် များတွင် သက်တမ်းတစ်နှစ်အောက်ရှိသော ငွေချေးသက်သေခံလက်မှတ်များ ကို ရောင်းဝယ်ကြပါသည်။ ငွေချေးသက်သေခံလက်မှတ် ဆိုသည်မှာ ငွေသားအဖြစ် ပြောင်းလဲနိုင်သော ငွေရေးကြေးရေး စာချုပ်စာတမ်းများကို ခေါ်ဆိုပါသည်။ ငွေကြေးဈေးကွက်တွင် အစိုးရထုတ်ဝေရောင်းချသည့် ငွေတိုက်လက်မှတ်များး၊ ဘဏ်များမှထုတ်ဝေသည့်ဘီလ်များ၊ ကုန်သွယ်မှုနှင့်ကူးသန်းရောင်းဝယ်မှုဘီလ်များ၊ ကုမ္ပဏီများမှ ထုတ်ဝေရောင်းချသည့် ကာလတို ကြွေးမြီစာချုပ်စာတမ်းများ ဘဏ်များမှ ထုတ်ဝေရောင်းချသော အပ်ငွေကို ရောင်းဝယ်ကြပါသည်။

ကာလရှည် ငွေရေးကြေးရေး ဈေးကွက်ကို အရင်းအနှီးဈေးကွက် ဟုလည်းကောင်း၊ ငွေချေးသက်သေခံလက်မှတ်ဈေးကွက် ဟုလည်းကောင်း ခေါ်ဆိုနိုင်ပါသည်။ ယင်းဈေးကွက်များတွင် ကာလရှည်ငွေချေးသက်သေခံလက်မှတ်များ ဖြစ်သည့် သာမန်ရှယ်ယာများ၊ ဦးစားပေးရှယ်ယာများ၊ ငွေတိုက်စာချုပ်များ၊ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ စသည်တို့ကိုရောင်းဝယ်ကြပါသည်။

နိုင်ငံခြားဈေးကွက်တွင် ခိုင်မာသော ငွေကြေးများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ စတာလင်ပေါင် စသည်တို့အပါအဝင် မိမိနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများ၏ ငွေကြေးတို့ကို အရောင်းအဝယ် ပြုလုပ်ကြပါသည်။

Derivatives Markets တွင်အဓိကအားဖြင့် Futures Market နှင့် Options Market တို့ပါဝင်ပါသည်။ Futures Market ဆိုသည်မှာ ဘဏ္ဍာရေး ရပိုင်ခွင့်များဖြစ်သည့် စတော့ရှယ်ယာများ၊ ငွေတိုက်စာချုပ်များ၊ ငွေချေးစာချုပ်များ၊ စတော့အညွှန်းကိန်းများအပေါ် အခြေပြု၍ အနာဂတ်အတွက် ချုပ်ဆိုထားသော ကြိုရောင်းကြိုဝယ်စာချုပ်များ၊ ကိုရောင်းဝယ်သည့် ဈေးကွက်ဖြစ်ပါသည်။ Options Market ဆိုသည်မှာ ကြိုရောင်းကြိုဝယ်မှုများ ပြုလုပ်ရာတွင် စာချုပ်ချုပ်ဆိုကိုင်ဆောင်ထားသူ၏ စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် စာချုပ်များကို ရောင်းဝယ်သည့်ဈေးကွက်ဖြစ်ပါသည်။

အရင်းအနှီးဈေးကွက် (Capital Market)

အရင်းအနှီးဈေးကွက်ကို ငွေချေးသက်သေခံလက်မှတ် အမျိုးအစားအလိုက် ခွဲခြားကြည့်မယ်ဆိုပါက စတော့ရှယ်ယာဈေးကွက်၊ ငွေချေးစာချုပ်နှင့် ဒီဘင်ချာဈေးကွက် ဟူ၍ ၂မျိုးခွဲခြားနိုင်ပါသည်။ စတော့ရှယ်ယာဈေးကွက်ကို အီကွတ်တီ ဈေးကွက် ဟုလည်းကောင်း၊ ငွေချေးစာချုပ်ဈေးကွက်ကို ကြွေးမြီစာချုပ်စာတမ်းများဈေးကွက် ဟုလည်းကောင်း ခေါ်ဆိုနိုင်ပါသည်။

အရင်းအနှီးဈေးကွက်တွင် ရှယ်ယာအသစ်များနှင့် ငွေချေးစာချုပ်အသစ်များ ထုတ်ဝေရောင်းချသော ဈေးကွက်ကို မူလဈေးကွက်၊ ထုတ်ဝေပြီး စတော့ရှယ်ယာများနှင့် ငွေချေးစာချုပ်များကို ပြန်လည်ရောင်းဝယ်ကြသည့် ဈေးကွက်ကို ဆင့်ပွားဈေးကွက်ဟု ခေါ်ဆိုနိုင်ပါသည်။

ငွေချေးသက်သေခံလက်မှတ် ဈေးကွက်များကို စတော့အိတ်ချိန်းဈေးကွက်များနှင့် ICT ဈေးကွက်များ အဖြစ်တွေ့မြင်နိုင်ပါသည်။ စတော့အိတ်ချိန်းများတွင် အများပိုင်​ကုမ္ပဏီကြီးများ၏ ရှယ်ယာနှင့် ငွေချေးစာချုပ်များကို စာရင်းဝင်ရောင်းဝယ်ကြပြီး ICT ဈေးကွက်တွင် အလတ်စားနှင့် အငယ်စားကုမ္မဏီများ၏ ရှယ်ယာနှင့် ငွေချေးစာချုပ်များကို ရောင်းဝယ်လေ့ရှိကြပါသည်။

ကာလရှည်အရင်းအနှီးများရှာဖွေခြင်း

စီးပွားရေးလုပ်ငန်းများသည် လိုအပ်သောနှစ်ရှည် အရင်းအနှီးများကို ဘဏ်များမှလည်း ချေးယူနိုင်ပါသည်။ ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေရောင်းချခြင်းဖြင့်လည်း ရှာဖွေနိုင်ပါသည်။ ကုမ္ပဏီများအနေဖြင့် ဘဏ်များမှ ငွေချေးယူ၍ အရင်းအနှီးများ ရယူခြင်းကို သွယ်ဝိုက်ဘဏ္ဍာငွေရှာဖွေခြင်းဟု ရှုမြင်နိုင်ပြီး ရှယ်ယာများ၊ ငွေချေးစာချုပ်များနှင့် ဒီဘင်ချာများ ထုတ်ဝေရောင်းချ၍ အရင်းအနှီးရှာဖွေခြင်းကို တိုက်ရိုက်ဘဏ္ဍာငွေရှာခြင်း ဟုသတ်မှတ်နိုင်သည်။

အရင်းအနှီးဈေးကွက် များတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ

ငွေချေးသက်သေခံလက်မှတ် ဈေးကွက် များတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ…
– ငွေချေးသက်သေခံလက်မှတ်များနှင့် ရောင်းဝယ်ရေးဥပဒေ
– ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲထိန်းကျောင်းသည့် အဖွဲ့အစည်း
– ငွေချေးသက်သေခံလက်မှတ် ထုတ်ဝေရောင်းချသူများ
– ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံသူများ
– ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများ
– ငွေချေးသက်သေခံလက်မှတ် ဈေးကွက်များ
– ငွေချေးသက်သေခံလက်မှတ် ဈေးကွက်များကို ပီပြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခြားလိုအပ်သော အထောက်အကူပြု အဖွဲ့အစည်းများ စသည်တို့ဖြစ်ပါသည်။ #ZTK

သီသီလွင် – Myanmar Banking and Finance Magazine

Leave a Reply

Your email address will not be published. Required fields are marked *